မြန်မာရိုးရာ ၁၂လရာသီပွဲတော်တွေအနက် နတ်တော်လပြည့်နေ့သည် ရှေးယခင်က နတ်ပွဲကာလဖြစ်ပြီး အခုခေတ်မှာတော့ စာဆိုတော်ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ကြပါသည်။

နတ်တော်လပြည့်နေ့ကို လောကီရေး မပါ၊ ဘာသာ သာသနာရေးဆိုင်ရာ စာပေများသာ သီးသန့်ရေးသားသော ဓမ္မစာရေးဆရာများကို သီးခြားဂုဏ်ပြုသော ဓမ္မစာဆိုတော်နေ့ အဖြစ်သတ်မှတ်ထားသည်၊၊

နတ်တော်လကို စာဆိုတော်လ အနေနဲ့ သတ်မှတ်ထားပါသည်၊၊

ဤလတွင် အများပြည်သူများ စာပေဗဟုသုတရရှိကြစေရန် စာပေဟောပြောပွဲများကိုလည်း ကျင်းပလေ့ရှိကြသည်၊၊

ဘာသာရေး အခမ်းအနားများကို တစ်လတစ်ကြိမ် ကျင်းပ ပြုလုပ်သည့် သာသနာရေး ဦးစီးဌာနကတော့ လောက အကြောင်းမဖက် ဓမ္မကြောင်းသက်သက်ကိုသာ ရေးဖွဲ့ကြသော ဓမ္မစာဆိုတော်များကြီးတွေကို ဂုဏ်ပြုသည့်အနေဖြင့် နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့အဖြစ် ကျင်းပကြသည်၊၊

ယနေ့ခေတ်တွင် ဓမ္မစာပေများ၊ ဆရာတော်ဘုရားများ ဟောကြားတော်မူသော တရားဓမ္မ အသံဖိုင်၊ ဗီဒီယို ဖိုင်များကို အင်တာနက် စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဖြူး ပေးနေသော Dhamma Website Developers, Dhamma Bloggers များ အားလုံးသည်လည်း ဓမ္မစာဆိုတော်များ စာရင်းဝင်အဖြစ် သတ်မှတ်ရမှာ ဖြစ်ပေသည်၊၊

လောကရေးရာ စိတ်အာရုံ မကျက်စားဘဲ ဓမ္မစာပေတွေကိုသာ အာရုံထားလို့ တစ်စိုက်မတ်မတ် လေ့လာ ရေးသား မျှဝေ ပေးခဲ့သူများဟာ အမှန်တကယ် ချီးကျူး ဂုဏ်ပြုစရာ ကောင်းလှပါသည်။

ပျော်စရာ ကာမဂုဏ်အာရုံများကို  တစ်ချက်လုပ်ရုံနဲ့ ရရှိ သာယာနိုင်သော online ပေါ်မှာ ငြိမ်းချမ်း အေးမြ၊ သန့်စင်သော ဓမ္မ စာမျက်နှာများစွာကို မငြိမ်းအေးသော စိတ်များ၊ လူများ၏ ကွန်းခိုရာ နေရာများအဖြစ် တည်ဆောက် ဖန်တီး နိုင်ကြခြင်း ကောင်းမှုကိုလည်း လေးစားမိပါသည်။

ရေးသားသောသူက ဘယ်လောက်ရေးရေး တလေးတစား ဖတ်ရှုသူများကြောင့်လည်း ဓမ္မစာမျက်နှာများ စည်ပင် ထွန်းကားခဲ့တာဖြစ်လို့ ဖတ်ရှုကြတဲ့ ဓမ္မမိတ်ဆွေများကိုလည်း အထူးပဲ ကျေးဇူးတင်ရမှာ ဖြစ်ပါသည်။

မြန်မာ့သမိုင်းကြောင်းတွင် ထင်ရှားသော ဓမ္မစာဆိုတော်များကို ပြန်လည် လေ့လာကြည့်ကြ ပါစို့။

  • ပုဂံခေတ် - အနန္တသူရိယအမတ်ကြီး၊
  • ပင်းယခေတ် - စတုရင်္ဂဗလအမတ်ကြီး၊
  • အင်းဝခေတ် - ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊
  • ကုန်းဘောင်ခေတ် - ညောင်ကန်ဆရာတော် ဦးဗုဓ်၊ သင်္ဂဇာဆရာတော်၊ ကျီးသဲလေးထပ်ဆရာတော်၊
  • ဗြိတိသျှခေတ် - မန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ မဟာဝိသုဒ္ဓါရုံဆရာတော်၊
  • လွတ်လပ်ရေးခေတ် - မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၊
  • မျက်မှောက်ခေတ် - မင်းကွန်း တိပိဋကဓရဆရာတော်၊ မဟာစည်ဆရာတော်၊ သပြေကန်ဆရာတော်၊ တောင်တန်းသာသနာပြုဆရာတော်၊

 

အထက်ပါ ထင်ရှားသော ဓမ္မစာဆိုများ သာမက ဘွဲ့တော်၊ အမည် မဖော်ပြမိသော တခြားသော ရဟန်း သံဃာ ဓမ္မစာဆိုများ နှင့် လူပုဂ္ဂိုလ် ဓမ္မစာဆိုများ မြောက်များစွာ ရှိခဲ့ကြပါသည်။ ထို ဓမ္မစာဆိုများ ရေးသားခဲ့ကြသော သံသရာ လွတ်ကြောင်း နှင့် ကုသိုလ်ဖြစ်ရာ ဓမ္မစာပေများကို ကြည်ညို ဖတ်ရှု ပူဇော်ခွင့် ရရှိနေကြရာ ဓမ္မစာဆိုများ၏ ကျေးဇူးတရားများမှာ ကြီးမားတော်မူလှပါပေသည်၊၊

ဒီပနီ အမျိုးမျိုး၊ သံဝေဂစာအမျိုးမျိုး၊ ကျမ်းစာအမျိုးမျိုး၊ မေတ္တာစာအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုး၊ လင်္ကာအမျိုးမျိုး တို့သည် ရဟန်းရှင်လူတို့ရဲ့  နှလုံးသားနှင့် ပါးစပ်ဖျားတွင် ရှင်သန်နေဆဲ ဖြစ်ပါသည်။  ကြီးမြတ်လှသော စာပေနှလုံးသား၊ စေတနာ အရှိန်အဟုန် အင်အားကို ယနေ့ခေတ်လူငယ်များ အားကျ အတူယူသင့်လှပါပေသည်။

နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အခါသမယတွင် ကျွန်ုပ်တို့  နှစ်သက်ခဲ့ လေးစား ကြည်ညိုခဲ့ရသော ပုဂံခေတ်က ဓမ္မစာဆိုတော် "အနန္တသူရိယ အမတ်ကြီး"၏ သံဝေဂ စာလင်္ကာတစ်ပုဒ်သည် လောကလူသားများကို သတိပေးလျက် ရှိသည်ဟု ခံစားမိပါသည်၊၊

၁။ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ၊

     သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။

၂။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ပေါင်းရံလျက်၊

      ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊

      သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊

      တစ်သက်လျာတည်း။

၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊

      မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊

      အတည် မမြဲ၊ ဖောက်လွဲတတ်သည်၊

      မချွတ်စသာ၊ သတ္တဝါတည်း။

၄။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏။

     ခိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊

     တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို

     ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊

      သွေးသည် အနိစ္စာ ငါ့ခန္ဓာတည်း။

ရဲရင့်တည်ကြည်သကဲ့ စိတ်နှလုံးထက်မြက်လှသော ဓမ္မစာဆိုတော်ကြီးသည် သူသတ်ကုန်းရောက်သည့် အချိန် တိုင်အောင် တုန်လှုပ်မှု မရှိ၊ လောကကို အမှန်အတိုင်းသိရှိသော သမ္မာဒိဋ္ဌိဉာဏ်များ ထွန်းတောက်ကာ ဤကဗျာကို ရေးသွားခဲ့သည်ဆိုသည်မှာ ထင်ရှားလှပါသည်။

 

ပုဂံခေတ် နေပြည်တော်တွင်းမှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူတို့ ဝေဠုဝတီကို အကြောင်းပြုပြီး မောဟ အမှောင် ဖုံးခဲ့သည့်အရေးမှာ အမတ်ကြီးဟာ ဓားစာခံ ဖြစ်ခဲ့ရခြင်းအတွက် မည်သူ့ကိုမှ အပြစ်မတင်သွားခဲ့ပါဘူး။

သူ၏ သေမင်းကို ရင်ဆိုင်ပုံသည်လည်း အကြောင်းအကျိုး သိမြင်သောစိတ်နဲ့ ငြိမ်သက်နေပါသည်။ သံသရာမှာ ပြန်တွေ့ခဲ့ရင်တောင် ခွင့်လွှတ်စိတ်နဲ့ အတုန့်အလှည့် မယူလိုပါကြောင်း သဘောထား ကြီးပြခဲ့ပါသည်။

ဓမ္မစာဆိုတော်များ၏ စိတ်ဓာတ် အဆင့်အတန်း မြင့်မားကြခြင်းသည်လည်း မြတ်ဗုဒ္ဓရဲ့  အရိပ်အောက်က တရားဓမ္မ ဂုဏ်တော်များကို ခိုလှုံခဲ့ရလို့ပဲ ဖြစ်ပါသည်။

အနှိုင်းမဲ့စံပြ နမူနာအဖြစ် မြတ်ဗုဒ္ဓကို ဦးထိပ်ပန်ဆင်ကာ လူထုကြားမှာ တရားဓမ္မများ စိမ့်ဝင်ပျံ့နှံ့အောင် လမ်းပြ ရှေ့ဆောင်နိုင်ခဲ့သော ဓမ္မစာဆိုတော်များကို မှန်းဆ ကြည်ညို ကန်တော့နေမိရင်း …..၊ ဓမ္မဘလော့ဂါများကိုလည်း ဂုဏ်ပြု အားပေးရင်း နတ်တော်လပြည့်နေ့မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကုသိုလ်တရား တိုးပွားကြပါစေကြောင်း မေတ္တာရေလောင်း ဆုတောင်း ပတ္ထနာ ပြုလိုက်ပါသည်၊၊

+++++++++++++++++++++++

ဓမ္မစက္က ဦးမောင်မောင် 'သစ္စာအလင်း'၏ အတွေးအရေးကို  ဂုဏ်ပြုမွမ်းမံ ခံစားပါသည်၊၊ Facebook link